> နွေဦးသစ်ရွက်တွေလိုမျိုး
တဖြုတ်ဖြုတ်ကြွေကျနေလိုက်တာ
ကျောင်းသားအဖြစ်ရဲ့လက်ကျန်နေ့ရက်တွေကုန်တော့မယ်.....။
> လွမ်းတတ်မယ်ဆိုရင် ပြောပါတယ်
မိုင်တိုင်တွေဘယ်လောက်
နာရီလက်တံတွေ ဘယ်နှစ်ခေါက်
(သူငယ်ချင်းတွေ)
တစ်ယောက်ကိုတစ်ယောက်
ဝေးသွားကြမှာတုန်း.....။
> နေ့စွဲနဲ့လုပ်ထားတဲ့ နယ်ခြား
ဖြတ်သန်းရလုပေါ့
စိတ်ရှိလက်ရှိနှမြောပစ်ခဲ့ပါတယ်.....။
ဂျောက်ဂျက်(မကွေး ကွန်ပျူတာ)
Monday, August 6, 2007
နယ်ခြား
Posted by
Khaing Zaw
at
3:04 AM
0
comments
Labels: ကဗျာများ
ကျွန်တော်နှင့် သနပ်ခါး ပွင့်ကလေး
စစ်မက်ပြိုင်မိုး
ကြယ်ကလေးတွေ စီးချင်း မထိုးကြပါနဲ့
မိုးချုပ်အိမ်ပြန်
လမင်းကိုပန်တဲ့ မိန်းကလေး
ငြိမ်းချမ်းရေးနဲ့ အိပ်စက်နေလို့ ပါကွယ်။
တာရာမင်းဝေ
Posted by
Khaing Zaw
at
12:54 AM
0
comments
Labels: ကဗျာများ
Sunday, August 5, 2007
အဝေးကချစ်သူ
ပင်လယ်ကြီးမှ မဟုတ်ပါဘူး...
ကော်ဖီခွက်မှာလည်း လှိုင်းရှိပါတယ်.....
အမြင့်မှာမှ မဟုတ်ပါဘူး
အမြင့်နှစ်ခုကြားမှာလည်း လေတိုက်တာပါပဲ.....
စိမ်းသွားတယ်လို့ မယူဆပါဘူး...
အပြာနဲ့အ၀ါရဲ့တိုက်ဆိုင်မှုလို့ မှတ်ယူပါ့မယ်.....
ပိုင်ဆိုင်ရမှ မဟုတ်ပါဘူး...
မြိုသိပ်ထားရတာလည်း ခံယူတတ်ရင်လှတာပါပဲ.....
ဒါကြောင့်မို့
တံခါးပေါက်တွေလည်း ဖွင့်ထားပါတယ်.....
ငှက်ကလေးရေ မြင့်မြင့်ပျံပါ.....
အိပ်မက်တွေကိုလည်း မျိုချလိုက်ပါပြီ.....
လှိုင်းလိုခုန်တဲ့ရင်ကိုလည်း
လိုက်ကာလို ဆွဲသိမ်းလိုက်ပါပြီ.....
ချစ်ခွင့်ရမှ မဟုတ်ပါဘူး...
အဝေးကလရောင်ကလည်း ကမ္ဘာမြေအထိ အေးပါလိမ့်မယ်......
ကျွန်တော့်အချစ်ဆုံးသူငယ်ချင်း အေးငြိမ်းအောင်ရေးတာပါ။
Posted by
Khaing Zaw
at
11:56 PM
1 comments
Labels: ကဗျာများ
ဖန်ခွက်အလွတ်
မင်းရှေ့မှာ ချထားတဲ့
ဖန်ခွက်အလွတ်ထဲကို
ဘာတစ်ခုမှ မထည့်လိုက်ပါနဲ့
ဘာတစ်ခုမှ
ရေခဲသေတ္တာတံခါးကို ပိတ်လိုက်ပါ
သူတို့က ချိုမြိန်တယ်လို့ ပြောပေမဲ့
အဲဒီဖျော်ရည်တွေကို
ငါမသောက်ချင်ဘူး
မင်းရှေ့မှာ ချထားတဲ့
ဖန်ခွက်အလွတ်ထဲကို
ဘာတစ်ခုမှ မထည့်လိုက်ပါနဲ့
ဘာတစ်ခုမှ
စားပွဲပေါ်က ၀ိုင်ပုလင်းတွေ
ပြန်ပြီးသိမ်းထားလိုက်ပါတော့
အိပ်မက်တစ်ခုထက်တောင်
ယစ်မူးစရာ ကောင်းတယ်ဆိုပေမဲ့
ငါတို့နှစ်ယောက် အတွက်တော့
ဒါတွေကိုလည်း မလိုအပ်ပါဘူး
မင်းရှေ့မှာ ချထားတဲ့
ဖန်ခွက်အလွတ်ခွက်ထဲကို
ဘာတစ်ခုမှ မထည့်လိုက်ပါနဲ့
ဘာတစ်ခုမှ
သူတို့ရဲ့ ဖန်ခွက်တွေကတော့
တစ်စုံတစ်ခုနဲ့ အမြဲတမ်းပြည့်ဝလို့
မော့သောက်လိုက်ကြတဲ့အခါ
ကမ္ဘာတစ်ခုလုံး လောက်ပိုင်ဆိုင်သွားကြတယ်
ချစ်ခြင်းမေတ္တာကလွဲလို့ပေါ့
မင်းရှေ့မှာ ချထားတဲ့
ဖန်ခွက်အလွတ်ထဲကို
ဘာတစ်ခုမှ မထည့်လိုက်ပါနဲ့
ဘာတစ်ခုမှ
ငါတို့သောက်လိုက်ကြမယ်
ဖန်ခွက်အလွတ်တွေကို ပြိုင်တူမော့လို့
ငါတို့သောက်လိုက်ကြမယ်
ငါတို့ နှစ်ယောက်စလုံး
ဖန်ခွက်အလွတ်တွေလို
ကြည်လင်သန့်စင်သွားတဲ့အထိပေါ့။
Posted by
Khaing Zaw
at
11:53 PM
0
comments
Labels: ကဗျာများ
ရှင်ကွဲ
ငါတို့ရှေ့မှာ
ရထားဟာ ခါတိုင်းထက် ပိုမိုရှည်လျား
ဥသြဆွဲသံများကလည်း
ဖွာရာရ ထစ်ချုန်း ပြတ်တောက်ကျနေခဲ့
နှုတ်မဆက် မိရင်လည်း အကောင်းသား
နှုတ်ဆက်လိုက်ကြတော့
ဘူတာဟာ
အ၀ါရောင်ဖျော့ဖျော့နဲ့ ဂူသင်္ချိုင်း ဆန်လာ
ကံကြမ္မာက
မျဉ်းတစ်ကြောင်းတည်းပေါ်မှာ
ခွာလေးဘက် မရပ်နိုင်ခဲ့ဘူး
ဘယ်သူ့ကိုမှ မပြောနဲ့
ဘယ်သူ့စကားကိုမှ နားမထောင်ဘူး
မြေလို ပင်လယ်လို အက္ခရာ တစ်လုံးနဲ့
ငါတို့ ဆက် ချစ် နေကြဦးမယ်
မမေ့ဘူးကွယ်
ဘယ်တော့မှ မမေ့ပါဘူး
ရက်စက်သွယ်ပြောင်းတဲ့
မီးခိုးလက်ချောင်းတွေက
ငါတို့ကို အပွင့်ခူးချိန်
ရထားဟာ
လောကလူရိုင်းရဲ့ မှုတ်ပြောင်းဝကနေ
အဆိပ်တွေနဲ့
တုန်ယင်စွာ လူးလွန့် ထွက်ခွာခဲ့ရပေါ့။
တာရာမင်းဝေ
Posted by
Khaing Zaw
at
11:50 PM
0
comments
Labels: ကဗျာများ
ဥယျာဉ်
နဂါးတွေကသာ
တကယ်တမ်း ကပြမယ်ဆိုရင်တော့
ကိုယ်ကြည့်ချင်စိတ်ရှိပါတယ်။
ဒါပေမယ့်
မျက်နှာအရေပြား တွန့်တွန့်ကြီးနဲ့ လူတွေက
နဂါးနှဲမှုတ်ပြီး လူးလွန့်ပြရင်တော့
သူတို့အစား..
ကိုယ်က ပင်ပန်းပျင်းရိနေတတ်တယ်။
အဲဒီလိုပါပဲ ကောင်မလေးရယ်
မိုးတွေက တိတ်တာတောင် ကိုယ်ကရွာတုန်း။
သစ်ရွက်ကို ကိုယ်ပြန်စိုက်ဖို့ ကြိုးစားဆဲမှာ
သစ်ပင်က ကြွေကျလာခဲ့။
ကိုယ်လို ပေကပ်ကပ်ကောင်ကတော့
ကျောက်တုံး တွေကိုလည်း ငုံ့ကြည့်ခင်မင်နေခဲ့။
ကောင်မလေးရေ..
တကယ်ဆို ကိုယ်ဟာ ဥယျာဉ်တစ်ခုပါပဲ
မြေပြင်မှာ ဘာမှ မပွင့်သေးတာက လွဲရင်ပေါ့။
တာရာမင်းဝေ
Posted by
Khaing Zaw
at
11:42 PM
0
comments
Labels: ကဗျာများ
ချစ်သူ
မျက်စိမှိတ်ထားပါလျက်
ကောင်းကင်ကို သတိရသည့်အခါ
တိမ်များကိုမြင်နေရပါသည်။
အလွန်ဝေးကွာသည့်အရပ်သို့ ရောက်နေပါလျက်
ပင်လယ်ပြာကို စဉ်းစားမိသည့်အခါ
လှိုင်းပုတ်သံကို ကြားယောင်နေတတ်ပါသည်။
အခန်းကျဉ်းထဲမှာ အိပ်နေပါလျက်
ဥယျာဉ်ထဲသို့ စိတ်ရောက်သွားသည့်အခါ
နှင်းဆီရနံ့ကို ခံစားရရှိနေတတ်ပြန်သည်။
သေဆုံးသည်အထိ
မှတ်မိကျွမ်းဝင်သွားမည့် အရာမှာ
(ငါ့)ချစ်သူသာဖြစ်ပါ၏။ ။
တာရာမင်းဝေ
Posted by
Khaing Zaw
at
11:34 PM
0
comments
Labels: ကဗျာများ
ပန်းလေပြေ
ရင်ခွင်တစ်ခုလုံး ဖွင့်ပြပြီးမှ
မင်း ယုံမယ်ဆိုရင်
ငါရင်ခွဲပြချင်တယ်။
ငါ့ အသည်းတစ်ခုလုံး စုတ်ပြတ်သွားအောင်
ဒဏ်ရာတွေ ပေးခဲ့ချင်တယ်ဆိုရင်
ငါ လက်ခံပါ့မယ်။
ငါ့ရင်ခွင်မှာ မိုးရွာနေတာ
မင်းကြောင့်ဆိုတာ လက်မခံရင်နေ
ငါချစ်နေတာ
မင်းသိရင်
ငါကျေနပ်တယ်။
Posted by
Khaing Zaw
at
11:04 PM
0
comments
Labels: ကဗျာများ